တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် စက်တင်ဘာလကုန် နောက်ဆုံး လျှောက်ထားရမည်

ယခုပညာသင်နှစ် ဒသမတန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သြဂုတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန် ကြေညာသည်။

ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအနေနှင့် စာမေးပွဲဝင်ကြေးကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ လက်ဝဲဘက်ထိပ်တိုင်းတွင်ကပ်၍ ပညာရေးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများက စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်း ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး စာစစ်ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်သည်။

သတ်မှတ်အချိန်မမီသည့် လျှောက်လွှာများ စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်ဘဲ စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှလွဲ၍ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သော ကြောင့် သေသေချာချာ စစ်ဆေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတိပေးထားသည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်ရုံး အမှတ်(၅၂)၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ အမှတ် ၉၁၆၆၊ လသာလမ်း၊ ရန်ကုန်မြို့တို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

# The Voice


Leave a Reply