ဇလွန်ပြည်ခိုင်ဖြိုးပါတီ လူငယ်များအတွက် အတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာ LCCI Level (1,2) သင်တန်းဆင်းပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယခုလ ၁၉ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။

 

ယင်းအခမ်းအနားတွင် ဇလွန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်၊ မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးရှိန်းထက်ခေါင်၊ ကွန်ပျူတာဆရာ ဦးမောင်မောင်ဦးတို့က လူငယ်များ စွမ်းရည်မြင့်မား၍ လူတစ်ဦးချင်း ဝင်ငွေမြင့်မားစေရေး၊ အသက် အရွယ်နှင့်ညီမျှသော ပညာအရည်အချင်းများ ရရှိစေရေး၊ အချိန်ရှိခိုက် လုံ့လစိုက်၍ ဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ် များကို အချိန်နှင့်တစ်ပြေးညီ သင်ကြားနိုင်ရေးတို့ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိကြောင်း အသီးသီးပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ဆရာ ဦးမောင်မောင်ဦးက ပေးအပ်ပြီး သင်တန်းတွင် ထူးချွန်ဆုရ မငုဝါလှိုင်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အောင်မြန်မာလက်ဝှေ့ မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲတွင် လက်ဝှေ့ပညာရှင် ဟင်္သာတမြို့ ဦးရဲမင်းထွန်း၊ ဇလွန် ဦးအောင်ခိုင်စိုးတို့က သင်ကြားပေးပြီး သင်တန်းကာလမှာ ယခုလ ၁၉ ရက်မှ စတင်သင်ကြား၍ မတ် ၁၉ ရက် အထိသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၅ဝ တက်ရောက်သင်ယူလျှက်ရှိကြောင်း သိရသည်။

ငွေသန်း(ဇလွန်)