ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ညီလာခံ၌ အစိုးရနှင့်စင်ပြိုင် စီဒေါအစီရင်ခံစာ တင်သွင်းမည့် အမျိုးသမီးအဖွဲ့ငါးဖွဲ့အမည်စာရင်း ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံတွင် ဇူလိုင်အတွင်းပြုလုပ်မည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက် (CEDAW-စီဒေါ) ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံမှ အမျိုးသမီးအရေးဆိုင်ရာ အဖွဲ့ ငါးဖွဲ့က မြန်မာအမျိုးသမီး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများကို အစိုးရနှင့် စင်ပြိုင်တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

CEDAW Action Myanmar – (CAM)၊ အမျိုးသမီးအဖွဲ့များ ကွန်ရက်၊ ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်၊ ကရင်လူ့အခွင့်အရေးအဖွဲ့နှင့်  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယင်းအစီရင်ခံစာ များကို တင်သွင်းမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များက ဇွန်လ (၂၉) ရက်တွင် ထုတ်ပြန်သည်။

အဆိုပါအဖွဲ့အစည်းများက လေ့လာသုံးသပ်ချက်များကို အခြေခံ၍ အမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများအတွင်းရှိ အမျိုးသမီးများ၊ အမျိုးသမီးများနှင့် ဦးဆောင်မှုတွင် ပါဝင်ခွင့်၊ အမျိုးသမီးများအပေါ် ဖိနှိပ်နေသည့် ဥပဒေများနှင့် ထုံးတမ်းစဉ်လာများ၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ အခြေအနေများနှင့် လူကုန်ကူးမှု အခြေအနေ များကို အစီရင်ခံစာများတွင် ရေးသားထားကြောင်း သတင်း ရရှိသည်။

 ‘‘စီဒေါကော်မတီအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အမျိုးသမီးအခြေအနေတွေကို အမှန်အတိုင်း သိရှိနားလည်သဘော ပေါက်ဖို့လိုပါတယ်။ ဒါမှသာ မြန်မာနိုင်ငံအပေါ် သုံးသပ်အကြံပေးချက်တွေကို ထုတ်ပြန်တဲ့အခါမှာ လက်တွေ့ကျပြီး အကျိုးရှိတဲ့ အကြံပေးချက်တွေ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်’’ ဟု CEDAW Action Myanmar (CAM) မှ ဒေါ်မေမေပြုံးက ဆိုသည်။

ယခင်က စီဒေါအစီရင်ခံစာကို အစိုးရဘက်ကသာ လေးနှစ်တစ်ကြိမ် တင်သွင်းခဲ့ပြီး စင်ပြိုင် အစီရင် ခံစာအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ရဲ့ အစီရင်ခံစာမှာ အမျိုးသမီးများ မဲပေးခွင့်အကြောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု တန်းတူခံစားခွင့်များရှိမနေတာတွေနဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေ ရင်ဆိုင် တွေ့ကြုံ နေရတဲ့ အခက်အခဲတွေကို တင်ပြထားပါတယ်’’ ဟု အမျိုးသမီးအဖွဲ့များကွန်ရက်မှ မမဉ္ဇူ က ပြောသည်။

အစီရင်ခံစာတင်သွင်းမည့် ကိုယ်စားလှယ်များသည် ကုလလက်အောက်ခံ စီဒေါကော်မတီဝင်များနှင့် အလွတ်သဘောဆွေးနွေးပွဲများကို ဇူလိုင် (၄) ရက်နှင့် (၅) ရက်များတွင် ဂျီနီဗာမြို့၌ ပြုလုပ် ဆွေးနွေးကြမည်ဖြစ်သည်။

ထို့အပြင် ကိုယ်စားလှယ်များသည် ၂၀၁၆ ဇူလိုင် (၇) ရက်တွင် မြန်မာအစိုးရဘက်မှ တင်သွင်းသည့် စတုတ္ထနှင့် ပဉ္စမအကြိမ်မြောက် စီဒေါအစီရင်ခံစာကို စီဒေါကော်မတီက သုံးသပ်သည့် အစည်းအဝေး သို့လည်း တက်ရောက်လေ့လာကြမည်ဖြစ်သည်။

မြန်မာအစိုးရသည် ၁၉၉၇ တွင် စီဒေါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း နောက်ဆက်တွဲ အကောင်အထည်ဖော်ရေးစာချုပ် (Optional Protocol) ကိုမူ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

အဆိုပါ စီဒေါအစည်းအဝေးသို့တက်ရောက်၍ အစီရင်ခံစာတင်သွင်းခဲ့သည့် မြန်မာအဖွဲ့အစည်းများနှင့် ကွန်ရက်များမှကိုယ် စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင် (၁၁) ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သတင်းရရှိသည်။

7 Day Daily


Leave a Reply