ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် လာမည့် သီတင်းပတ်တွင် ကုလသမဂ္ဂ၌ မဲခွဲမည်

ဓါတုလက်နက်များကို အသုံးပြုခဲ့သည့်အတွက် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို လာမည့် သီတင်းပတ်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သော်လည်း ရုရှားနိုင်ငံက ဗီတို အာဏာသုံးပယ်ချရန် သေချာသလောက်ရှိကြောင်း သံတမန်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဆီးရီးယားနိုင်ငံသို့ ရဟတ်ယာဉ်များ ရောင်းချမှုကို ပိတ်ပင်ရန် နှင့် ခြောက်နှစ်နီးပါးကြာဖြစ်ပွားနေသည့် စစ်ပွဲတွင် ဓါတုလက်နက်များဖြင့် တိုက်ခိုက်မှုနှင့် ဆက်စပ် သော ဆီးရီးယားနိုင်ငံသား ၁၁ ဦးနှင့် အဖွဲ့အစည်း ၁ဝ ခုအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် တိုက်တွန်း လုပ်ဆောင်လျှက်ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အဆုံးသတ်ခဲ့သော ကုလသမဂ္ဂနှင့် ဓါတုလက်နက်တားမြစ်ရေးအဖွဲ့ အစည်းတို့၏ ပူးတွဲစုံစမ်းစစ်ဆေးမှုတွင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် အနည်းဆုံး ဓါတုတိုက်ခိုက်မှု ၃ ခုကို ဆီးရီးယားစစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် ယင်းအရေးယူဆုံးဖြတ်မည့်အစီအစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။

အမည်မဖော်လိုသော သံတမန်တစ်ဦးက “ဆီးရီးယားမှာ ဓါတုလက်နက်တွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ ပြနိုင်တဲ့ အခြေအနေမှာ လုံခြုံရေးကောင်စီက တာဝန်ခံကြောင်း သိသာထင်ရှားတဲ့ တုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်၊ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်တို့ဟာ ဒီကိစ္စက အရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ ရုရှားသံအမတ်ကြီးက အဆိုပါ အရေးယူ လုပ်ဆောင်ချက်ကို ရုရှားလက်က တားဆီးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ယင်းသံတမန်က ပြောကြား ခဲ့သည်။
Democracy today