ဆင်းမ်ကတ်အသစ် ၀ယ်ယူပါက ယခင်ကဲ့သို့ ချက်ချင်း အသုံးပြုနိုင်ခြင်း မရှိတော့ဘဲ မှတ်ပုံတင် ပြီးမှသာ စတင် အသုံးပြုနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း အခက်အခဲ များဖြစ်ပေါ်

ဆင်းမ်ကတ်အသစ် ၀ယ်ယူအသုံးပြုပါက ယခင်ကဲ့သို့ ချက်ချင်းအသုံးပြုနိုင်ခြင်း မရှိတော့ဘဲ မှတ်ပုံတင်ပြီး မှသာ စတင်အသုံးပြုနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“ဟုတ်ပါတယ်။ လက်ရှိမှာ ဆင်းမ်ကတ်တွေက အသစ်ဝယ်ယူတဲ့အခါ မှတ်ပုံမတင်ရသေးဘဲ အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။ ကတ်ချိုးပြီးရုံနဲ့ လိုင်းတန်းပွင့်မှာ မဟုတ်ပါဘူး။ မှတ်ပုံတင်ပြီးမှသာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော အသိအမှတ်ပြု အရောင်းဆိုင်တွေ အများကြီးရှိပါတယ်။ အဲဒီမှာ ၀ယ်ရင်တော့ တစ်ခါတည်း မှတ်ပုံတင်ပေးတာပေါ့။ လမ်းဘေးကြုံရာမှာ ၀ယ်တာတွေ ကတော့ အခက်အခဲနည်းနည်း ရှိနိုင်ပါတယ်” ဟုတယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆင်းမ်ကတ်အသစ် ၀ယ်ယူအသုံးပြုသူများ အနေဖြင့်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မိမိဘာသာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယခင်က ဆင်းမ်ကတ်အသစ် ၀ယ်ယူပြီးနောက် ကတ်ချိုးပြီးလျှင် ချက်ချင်းအသုံးပြု နိုင်သော်လည်း ဧပြီလ အတွင်း ထိုသို့အသုံးပြုနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာ အသီးသီး၏ တရားဝင် အရောင်းပြခန်းများတွင် ၀ယ်ယူသူများ အနေဖြင့် အရောင်းပြခန်းများ၏ မှတ်ပုံတင်ပေးခြင်း ၀န်ဆောင်မှုကြောင့် ချက်ချင်းမှတ်ပုံ တင်ပြီးသော ဆင်းမ်ကတ်ကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း လက်ပွေ့ရောင်းချသူများ၊ လမ်းဘေးပလက်ဖောင်းပေါ် တွင် ရောင်းချသူများ၊ စတိုးဆိုင်များတွင် ရောင်းချသူများအနေဖြင့် အလွယ်တကူ ရောင်းချဝယ်ယူပြီးနောက် ချက်ချင်းအသုံးပြုနိုင်ခြင်း မရှိသောကြောင့် အခက်အခဲများဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

“သုံးစွဲမယ့်သူက ကတ်ချိုးပြီး ဟန်းဆက်ထဲ ထည့်သုံးတော့ မှတ်ပုံမတင်ရသေးပါသဖြင့် သုံးလို့မရပါဘူး ဆိုပြီး ဖြစ်နေတယ်။ အရင်တုန်းက ဒီလိုပဲရောင်းပြီး ဒီလိုပဲသုံးကြတာဆိုတော့ အခု အခက်အခဲ ဖြစ်တာပေါ့။ သုံးမယ့်သူတွေကလည်း အခုချက်ချင်းအရေးပေါ် အသုံးပြုမှာဖြစ်လို့ ကြန့်ကြာနေတာတွေက အဆင်မပြေ ဘူးပေါ့” ဟု ဆင်းမ်ကတ်ရောင်းချသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်ခြင်းများ ရှိနေပြီး မှတ်ပုံတင်ပြီး မှသာ လိုင်းပြန်ဖွင့်ပေးကြောင်း သိရသည်။

ဧပြီ၊ မေနှင့်ဇွန်လကို ကုစားကာလသဖွယ် အချိန်ထပ်တိုးပေးထားပြီး အဆိုပါကာလ ကျော်လွန်သည်အထိ မှတ်ပုံမတင်ဘဲ သုံးစွဲနေသော ဆင်းမ်ကတ်များအနေဖြင့် လိုင်းအပြီး ပိတ်သိမ်းခံရ မည်ဖြစ်သည်။

# Eleven