“စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာ သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော ဘိုးဘွားများအတွက် အလှူတော်ငွေကျပ် (၁၀) သိန်းကို လှူဒါန်းခဲ့ရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

u-than-htay-birthday-donate

ဆက်လက်၍ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘိုးဘွားရိပ်သာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း တပ်မတော်သား ဖြစ်ခဲ့ဖူးသူတစ်ဦးအနေဖြင့် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းဟောင်းများနှင့်မိသားစုဝင်များကို စောင့်ရှောက်နေသည့် ဤမွန်မြတ်လှသော ပရဟိတလုပ်ငန်းကြီးကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ “စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာ ကမ္ဘာ” ဘိုးဘွားရိပ်သာ၏ အဓွန့်ရှည် တည်မြဲရေး အားတက်သရော ဆက်လက် ကူညီဝန်းရံ လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသည် စစ်မှုထမ်းဟောင်း ဘိုးဘွားများ၊ စစ်မှုထမ်းဆောင်ခြင်းကြောင့် အသက် စွန့်လှူ၊ ကိုယ်လက်အင်္ဂါစွန့်လှူခဲ့ရသော စစ်မှုထမ်းများခွင့် စစ်မှုထမ်း မိသားစုများ၊ တပ်မတော်နှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်ရင်း အသက်စွန့်လှူ၊ ကိုယ်လက်အင်္ဂါစွန့်လှူခဲ့ရသော နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းပြည်အကျိုးငှာ တာဝန် ထမ်းဆောင်ရင်း အသက်စွန့်လှူ၊ ကိုယ်လက်အင်္ဂါ စွန့်လှူခဲ့ရသော နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများအား ကူညီ စောင့်ရှောက်ထားသော မွန်မြတ်သည့် ဘိုးဘွားရိပ်သာကြီးတစ်ခုဖြစ်ပါသည်။


Leave a Reply