ဂိုဏ်းဂဏဖွဲ့မှုများကို ရှောင်ရှားရန် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး သတိပေး

အချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် ဂိုဏ်းဂဏဖွဲ့မှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သတိပေးပြောကြားလိုက်သည်။

မေလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အထက်ပါအတိုင်း သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

“အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် လုပ်ဆောင်မှုတွေ၊ ဂိုဏ်းဂဏဖွဲ့မှုတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

မိမိတို့ပါတီဝင်များသည် ကိုယ်တိုင်ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများဖြစ်ကြောင်း၊ စွမ်းရည်မတူသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ မိမိတို့စွမ်းဆောင်နိုင်သရွေ့ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်နေကြကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

မိမိတို့အားလုံး ပါတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆောင်ရွက်နေကြခြင်းဖြစ် ကြောင်း၊ ပါတီဝင်များ၏ ယုံကြည်မှု ခံယူမှုရှိနေသည်နှင့်အမျှ ပါတီမှချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို သွေဖည်၍ လုပ်ဆောင်နေလျှင် ပါတီဝင်အဖြစ်မှ ဆုံးရှုံးကြောင်း၊ ပါတီတစ်ခုနှင့်တစ်ခု ယုံကြည်မှု ရည်မှန်းချက်၊ လုပ်နည်းများ မတူညီကြကြောင်း၊ ပါတီအားလုံးကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားကြောင်း၊ ရည်မှန်းချက်တူသည်များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆက်လက်ပြောကြားသည်။


Leave a Reply