ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် ယူရိုပါလိဂ်တွင် ဗိုလ်စွဲနိုင်ရန်ကိုသာ အာရုံစိုက်ရန် မန်ယူအသင်းကို ဖာဂူဆန် ပြော

လာမည့်နှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန်အတွက် ပရီးမီးယားလိဂ်တွင် အဆင့်လေး အတွင်းဝင်ရန် ထက် ယူရိုပါလိဂ်တွင် ဗိုလ်စွဲနိုင်ရေးကိုသာ အာရုံစိုက်ရန် မန်ယူအသင်းကို အသင်း၏ ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်က သတိပေးပြောဆိုလိုက်သည်။

မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့်ငါးနေရာတွင် ရပ်တည်နေပြီး စပါး၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့နှင့်အပြိုင် အဆင့်လေးအတွင်းဝင်ရန် ကြိုးပမ်းရလျက်ရှိသည်။ ထို့ကြောင့် ဖာဂူဆန်က ချန်ပီယံဖြစ်လျှင် ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရမည့် ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ အာရုံစိုက်ရန် သတိပေးပြောဆို လိုက်ခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ခ်ျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဖာဂူဆန်က ‘ကျွန်တော်တို့အသင်းအနေနဲ့ဘယ်တုန်းကမှ ယူရိုပါလိဂ်ဖလား (ယူအီးအက်ဖ်အေဖလား)ကို မရခဲ့ဖူးပါဘူး။ အခု မဲခွဲမှုအရလည်း မန်ယူအတွက်   ကောင်းတဲ့ မဲခွဲမှုဖြစ်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ဖို့ သေချာပြီလို့ ပြောတာမဟုတ်ပါဘူး။ တကယ့်အခွင့်အရေးကောင်းလို့ ပြောချင်တာပါ။

ယူရိုပါလိဂ်ဖလားရရင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါမယ်။ ဒါက ပုံမှန်ဖြစ်နေကျမဟုတ်ပေမယ့် အခုဒါကို လုပ်ရ ပါမယ်။ ဒီဖလားက ဥရောပဆုဖလားပါ။ ဆုဖလားရဖို့ကလည်း အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ဖလား မဟုတ်ပေမယ့် ဒါက ဥရောပရဲ့အဆင့်မြင့်ဖလားတစ်ခုပါပဲ။ cup winner cup နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရရှိခဲ့ပြီးပါပြီ။ အခု ယူရိုပါလိဂ်ဖလားကိုထပ်ရမယ်ဆိုရင် အသင်းက ပိုပြီး ကြီးကျယ်ခမ်းနားလာပါလိမ့်မယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ချင်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဖာဂူဆန်သည် မန်ယူအသင်းကို ၂၇ နှစ်ကြာနည်းပြခဲ့ရာတွင် အဓိကဆုဖလား ၃၈ လုံးအထိရရှိပြီး အောင်မြင်ခဲ့သူ ဖြစ်သည်။

Ref; Daily Mail