ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ၂၁ ရာစုပင်လုံ တက်ရောက်မည့်သူများ သတ်မှတ်ရေး ကိစ္စများအား ဆွေးနွေးရန် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ယနေ့ပြုလုပ်မည်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို စုစည်းဆွေးနွေးသည့် ကဏ္ဍအလိုက် လုပ်ငန်းကော် မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်မည့်သူများ သတ်မှတ်ရေးကိစ္စများအား ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ  (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန  (NRPC) ၌ ယနေ့ (ဧပြီ ၂၆) ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲY၀င် စိုင်းကျော်ညွန့်ထံမှ သိရသည်။

UPDJC အတွင်းရေးမှူးအဖွဲ့အနေဖြင့်  နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာ၌ အမျိုးသားအဆင့်နိုင်ငံရေး ဆွေနွေးပွဲ များကျင်းပရန် တင်ပြလာသည်ကို လက်ခံခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များအား စုစည်း၍ UPDJC သို့ တင်ပြခြင်း နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို ၂၁ ရာစုပင်လုံသို့ တင်သွင်းရန်အတွက် စုစည်းဆွေးနွေးသည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်းက တစ်ကြိမ်ခေါ်ယူထားသော်လည်း ၎င်းတို့၏ လုပ်ငန်းလမ်းညွှန်အတိုင်း သုံးခုထက်မပိုသည့် သဘောထားဆန္ဒများအား စုစည်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ညီလာခံ ဒုတိယ အစည်း အဝေးမကျင်းပမီ နောက်တစ်ကြိမ် ထပ်မံခေါ်ယူသွားရန် ရှိကြောင်း UPDJC တာဝန်ရှိသူများက ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပုံသဏ္ဌာန် သုံးခုရှိပြီး လူမျိုးအလိုက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် နိုင်ငံရေးပါတီများကလည်းကောင်း၊ ဒေသအလိုက်ကို အစိုးရကလည်းကောင်း၊ အကြောင်းအရ အလိုက်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်းကောင်း ဦးဆောင်ခေါ်ယူခွင့်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲ များအနက် လူမျိုးအလိုက် (ကရင်)၊ (ပအိုဝ်း)၊ (ချင်း)နှင့် ဒေသအလိုက် (တနင်္သာရီ)၊ (ပဲခူး)၊ (ရှမ်း)နှင့် အကြောင်းအရာအလိုက် (နေပြည်တော်) တို့ကို ကျင်းပပြီးစီးထားပြီး ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စုစုပေါင်း ခုနစ်ပွဲအထိ ပြုလုပ်ပြီးစီးမည် ဖြစ်သည်။

သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ရှမ်း လက်နက်ကိုင်အဖွဲ့ RCSS  နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP တို့ဦးဆောင်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှာမူ ကျင်းပရန် ညှိနှိုင်းနေဆဲဖြစ်ပြီး ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်ခင် ပြုလုပ်ရန်အတွက် ခက်ခဲနေကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအား မေ ၂၄ ရက်တွင် ပြုလုပ်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဧပြီ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ဆုံးဖြတ်ခဲ့သည်။

UPDJC အတွင်းရေးမှူးအဖွဲ့ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှ ကိုယ်စားလှယ်ငါးဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ငါးဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ် ငါးဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ # Eleven