ကိုရီးယားနာမည်ကျော် ကေပေါ့ပ်အဖွဲ့ EXO ရန်ကုန်မြို့၌ လာရောက်ဖျော်ဖြေမည်

ရန်ကုန်မြို့တွင် ကျင်းပမည့် Kpop Festival 2017 in Myanmar ပွဲတော်၌ EXO အဖွဲ့လာရောက် ဖျော်ဖြေ မည်ဖြစ်သည်။ Kpop Festival 2017 in Myanmar ဖျော်ဖြေပွဲတွင် ကိုရီးယားကေပေါ့ပ် EXO အဖွဲ့နှင့်အတူ TRAX, NCT 127, MATILDA တို့ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ Kpop ပွဲတော်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ မတ်လ ၁၃ ရက်တွင် တရားဝင်ကြေညာခဲ့သည်။

‘‘EXO အဖွဲ့လာမှာသေချာ သွားပြီဆိုတော့ ပြောမပြတတ်အောင် ၀မ်းသာမိတယ်။ EXO ရဲ့ ပရိသတ်အများစု က ကျောင်းသူတွေဖြစ်တာကြောင့် ဖျော်ဖြေပွဲလက်မှတ်ကိုတော့ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချ ပေးစေချင်တယ်။ EXO နဲ့အတူ ပါဝင်ဖျော်ဖြေပေးမယ့် NCT 127 အဖွဲ့ကိုလည်း အရမ်းကြိုက်တယ်’’ ဟု ပထမနှစ် တက္ကသိုလ်ကျောင်းသူ မခင်ရတနာသိမ့်ကပြောသည်။

ယင်းဖျော်ဖြေပွဲကို ၂၀၁၇ မေလ ၆ ရက်တွင် Thuwunna Bhumi Even Park ၌ ဖျော်ဖြေမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ ကြေညာပေးမည်ဟု ယင်းဖျော်ဖြေပွဲကိုစီစဉ်သည့် June July Me (JJM) Media Group Company Limited မှသိရသည်။

‘‘EXO အဖွဲ့ မြန်မာနိုင်ငံကို လာဖျော်ဖြေပေးမယ်ဆိုတာ SM Town ၀က်ဘ်ဆိုက်ကနေ Confirm ဖြစ်ပြီဆိုပြီး ဒီနေ့မနက် ပဲသိရတယ်။ တခြားသူတွေပါ သိလို့ရအောင် ကြော်ငြာဘုတ်တွေလည်း ကပ်ပေးစေချင်တယ်။ Kpop Festival ကိုသွားကြည့်ဖို့ ဒီနေ့ကစပြီးမုန့်ဖိုးစစုမယ်။ အခုလောလောဆယ်ကြားနေရတာက လက်မှတ်ဈေးနှုန်းတွေက ငါးသောင်း၊ တစ်သိန်းနဲ့ သုံးသိန်းလောက်လို့ပြောတယ်’’ဟု န၀မတန်း ကျောင်းသူ မဇွန်ပွင့်ခိုင်က ပြောသည်။

ကိုရီးယားအနုပညာဆိုင်ရာ သတင်းများကို စုစည်းဖော်ပြလေ့ရှိသော ကိုရီးယားအခြေစိုက် SM Town ၏ တရားဝင်ဝက်ဘ် ဆိုက်တွင် EXO အဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်များအရ အဖွဲ့ဝင် Baekhyun ၏ မွေးနေ့ဖြစ်သော မေလ ၆ ရက်တွင် Kpop Show in Myanmar ဟု တရားဝင်ကြေညာထားသည်။

ကိုရီးယားကေပေါ့ပ်အဆိုတော်အဖွဲ့ EXO  မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်ဖြစ်၍ မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးမှ ဆယ်ကျော်သက် EXO ပရိသတ်အများစုက ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံရှိ EXO ပရိသတ်အများစုသည် ဆယ်ကျော်သက် အရွယ်ကျောင်းသား၊ ကျောင်းသူများဖြစ်၍ ယခုဖျော်ဖြေပွဲ လက်မှတ်နှုန်းထားကို သင့်တင့်သည့်နှုန်းဖြင့် ရောင်းချပေးရန် အကြံပြုမှုများ ရှိနေသည်။

# 7 Day Daily