ကိုယ်ပိုင် စမတ်ဖုန်းပရိုဆက်ဆာ ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ Xiaomi

Huawei, Samsung နဲ့ Apple တို့လိုပဲ Xiaomi က ကိုယ်ပိုင် စမတ်ဖုန်း ပရိုဆက်ဆာတွေ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Wall Street Journal က ဖော်ပြလိုက်ပါတယ်။ Xiaomi ရဲ့ ပရိုဆက်ဆာကို Pinecone လို့ ခေါ်ဆိုပြီး Xiaomi ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Beijing Pinecone Electronics လက်အောက်ကနေ မတ်လအတွင်း ဖြန့်ချိဖွယ်ရှိတယ်လို့ Wall Street Journal က ပြောကြားခဲ့ပါတယ်။

Xiaomi အနေနဲ့ Samsung, Huawei နဲ့ Apple တို့ရဲ့ Exynos, Kirin, AX ချစ်ပ်တိုနဲ့ ယှဉ်ပြိုင်နိုင်မယ့် စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာတစ်မျိုး ထုတ်လုပ်သွားဖို့ စီစဉ်ထားတာလား ဒါမှမဟုတ် အရေအတွက် များများ ထုတ်လုပ်ရောင်းချမယ့် စွမ်းဆောင်ရည်နိမ့်ချစ်ပ်တစ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေသလားဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဈေးသက်သာတဲ့ ဟန်းဆက်တွေရောင်းချတဲ့ Xiaomi အနေနဲ့ ကိုယ်ပိုင်ပရိုဆက်ဆာတွေ ထုတ်လုပ်တဲ့ အတွက်ကြောင့် ဖုန်းတစ်လုံးစီကနေ အမြတ်ငွေ ပိုမိုရရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ Pinecone နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကိုတော့ မကြာခင်ကျင်းပမယ့် MWC ပွဲမှာ သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: TechnoBuffalo